ယနေ့ခေတ်ကာလသည်
နည်းပညာပိုင်းဆိုင်ရာအားဖြင့် နယ်ပယ်ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်
လျှက်ရှိသောကာလဖြစ်ပါသည်။ စိုက်ပျိုးရေးတွင်လည်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည်
မရပ်နားပေ။ စပါးတွင်လည်း မျိုးအသစ်များ၊ ပိုးမွှား၊ရောဂါဒဏ် ခံနိုင်သောမျိုးများ၊
ရာသီဥတုခြောက်သွေ့မှုဒဏ်ကိုခံနိုင် သောမျိုးများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို
သုံးစွဲမှုလျှော့ချပေးနိုင်သောနည်းများ စသည်ဖြင့် တိုးတက်မှုတို့သည် စုံလင်လှပေသည်။
ဓါတုပိုးသတ်ဆေးများကို သုံးစွဲမှုလျှော့ချနိုင်စေရန်အတွက်
ပိုးမွှား၊ရောဂါဒဏ် ခံနိုင်သောမျိုးများနှင့်
ဘက်စုံသီးနှံကာကွယ်ရေးနည်းစနစ်တို့ကဲ့သို့ ပိုမွှားရောဂါများကို ကာကွယ်ရန်
အခြားနည်းလမ်းများကို အသုံးပြုကြသော်လည်း ဓါတုပိုးသတ်ဆေး များ၏အခန်းကဏ္ဍသည်
ဖွံ့ဖြိုးတိုးတက်လျှက်ရှိသော ခေတ်သစ်သီးနှံစိုက်ပျိုးထုတ် လုပ်မှု၏
အရေးကြီးသောအခန်းကဏ္ဍတစ်ခုအဖြစ် ဆက်လက်တည်ရှိနေအုံးမည်သာ။
ယနေ့ဖွံ့ဖြိုးတိုးတက်လျှက်ရှိသော နည်းပညာတို့ကို ဖန်တီးကြသည့်
သိပ္ပံပညာရှင် များနှင့် သုတေ သနပညာရှင်များသည် ပတ်ဝန်းကျင်နှင့်လူသားတို့၏
ကျန်းမာရေး အပေါ်တွင် ပိုးသတ်ဆေးများကို ရေရှည် အသုံးပြုခြင်းကြောင့်
ဖြစ်ပေါ်လာသော ဆိုးကျိုး များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေကြပါ သည်။
ပိုးသတ်ဆေးများကို စဉ်ဆက်မပြတ်
ဆက်တိုက်သုံးစွဲနေလျှင် အောက်ပါ အချက် (၆)ချက်ထဲမှ တစ်ခု သို့မဟုတ် များစွာ
ဖြစ်ပေါ်လာနိုင်ပါသည်။
၁။ ဓါတုပိုးသတ်ဆေးများသည် အန္တရာယ်ရှိပါသည်။ သေစေနိုင်ပါသော
အဆိပ်ပါဝင် ပါသည်။ ထိုဆေး ရည်ကို တိုက်၇ိုက်ဖြစ်စေ၊ တဆင့်ခံအားဖြင့်ဖြစ်စေ
ထိတွေ့မိလျှင် ကျန်းမာရေးနှင့်ပတ်သက်သော ဆိုးကျိုးတစ်ခု
ဖြစ်လာနိုင်ပါသည်။
၂။ ကမ္ဘာမြေကြီးတွင် အရည်မှန်သမျှ စိမ့်ကျနိုင်သည့် သတ္တိရှိပါသည်။ သဲထဲသို့
ရေ တစ်ခွက် သွန်လိုက်လျှင် စိမ့်ကျမှုဖြစ်၏။ ရိုးရိုးသာမန်မြေပေါ်ကို
ရေတစ်ခွက်သွန်လိုက် လျှင် တဖြည်းဖြည်းမှစိမ့်၏။ ထို့အတူ မိမိဖျန်းလိုက်သော
ပိုးသတ်ဆေးအရည်များသည် သစ်ပင်ပေါ်သို့ အကုန်မရောက်ပေ။ မြေကြီး ထဲသို့ တချို့တ၀က်
ရောက်သည်။ ထို ဆေးရည်တို့သည် မြေကြီးထဲသို့ စိမ့်ဝင်သွားကာ မြေအောက်ရေကို
ညစ်ညမ်း စေပါသည်။ အိမ်မှာရှိသော ရေတွင်းဘေးတွင် ပိုးသတ်ဆေးပုံးဆေးမိလျှင်
ထို ရေတို့သည် မြေကြီးမှစိမ့်ကာ ရေတွင်းထဲသို့ ကျသွားနိုင်ပါသည်။ ထို့အတူ
မိုးရွာလျှင် ပိုးသတ်ဆေးရည်တို့သည် မိုးရေနှင့် အတူမျောပါသွားကာ မြေပေါ်ရေများ၊
မြစ်ရေ၊ ချောင်းရေ၊ အင်းအိုင်ရေများကို ဓါတုအဆိပ် အတောက်များဖြင့် ညစ်ညမ်းသွား
စေပါသည်။
၃။ ပိုးသတ်ဆေးဖျန်းထားသော စိုက်ခင်းမှ သီးနှံများကို မည်သူမျှ
ချက်ချင်းစားသုံးမည် မဟုတ်ပါ။ စားမိလျှင် သေစေနိုင်သည်ကို လူတိုင်း သိကြပါသည်။
သို့သော် ပိုး သတ်ဆေးအကြွင်း အကျန်များကြောင့် လူတို့တွင် အန္တရယ်ရှိသည်ကိုတော့
သိသူနည်းပါးပါသည်။ ပိုးသတ်ဆေး အကြွင်းအကျန်များသည် အစားအစာကွင်း ဆက် (Food Chain) မှတဆင့် လယ်သမားကြီးများ၏ ထမင်းဝိုင်းနှင့်မြို့ပြစားသုံးသူများ ထံသို့
ရောက်ရှိ လာပါသည်။ ဥပမာ-အစားအစာကွင်းဆက်တစ်ခုအရကြည့်လျှင် ပိုးသတ် ဆေးဖျန်းလျှင်
စိုက်ခင်းထဲရှိ မြက်ပင်ပေါ်သို့ ကျမည်မှာ မလွဲပေ။ ထိုမြက်ကို ဓါး ခုတ်ကောင်က
စားပေလိမ့်မည်။ ထို ဓါးခုတ်ကောင်ကို ကြွက်ကစားပေလိမ့်မည်။ ထိုကြွက်ကို လူကလည်း
စားနိုင်သည်။ သို့မဟုတ်ပါက မြွေကလည်း စားနိုင်သည်။ ထိုမြွေကို လူကလည်း
စားနိုင်သကဲ့သို့ သိမ်းငှက်ကလည်း စားနိုင်သည်။ စသည်ဖြင့် သီးနှံမဟုတ်သော
မြက်ပင်ပေါ်မှ ပိုးသတ်ဆေး အကြွင်းအကျန်သည် လူတို့ဆီသို့ တနည်းနည်း ဖြင့်
ပြန်လည်ရောက်ရှိလာနိုင်ပါသည်။ သီးနှံများပေါ်တွင် ကျန်ရှိခဲ့သော ပိုးသတ်ဆေးများအဖို့
ဆိုဖွယ်ရာ မရှိတော့ပြီ။ လူသားတို့ဆီသို့ ရောက်လာမှာ
မလွဲပေ။
ထို့ကြောင့်လည်း
နိုင်ငံတကာတွင် ပိုးသတ်ဆေးအကြွင်းအကျန်များကို ကာကွယ်ရန် ဥပဒေများ သတ်မှတ်ထားသည်။
သီးနှံအလိုက်၊ ပိုးသတ်ဆေးအလိုက်၊ ရောင်းချ သောဈေးကွက်အလိုက် ”တစ်သန်း ပုံပုံလျှင်
ဘယ်လောက်ပမာဏအထိ အနည်းဆုံးလက်ခံသည်”ဆိုသည့် မူဝါဒများဖြင့် ပိုးသတ်ဆေး အမြင့်ဆုံးအကြွင်းအ ကျန်ပမာဏ (Pesticide Maximum Residue Level - MRL)ကို ထားရှိကြပါသည်။ ၎င်းတို့နိုင်ငံအတွင်းသို့ တင်ပို့လာသော ပို့ကုန်များကို
ပိုးသတ်ဆေးအကြွင်း အကျန်ဘယ်လောက်ရှိသလဲ စစ်ဆေးကာ သတ်မှတ်ထားသောနှုန်းထားထက် များနေလျှင် လက်မခံကြပေ။ ထို့ကြောင့် ပိုးသတ်ဆေး များသုံးစွဲရာတွင်
အထူး ဂရုပြုသင့်ကြပေသည်။
၎။ ပိုးသတ်ဆေးများ သုံးစွဲခြင်းကြောင့် ပိုးများသည် ပိုးသတ်ဆေးကို
ခံနိုင်ရည် ရှိလာပါသည်။ ထို့ကြောင့် ပိုးသတ်ဆေးသည် ပိုးများကို သေစေနိုင်လောက်သော
အာနိသင် မရှိတော့ပါ။ အမှန်တကယ်မှာ ပိုးသတ်ဆေးသည် အာနိသင် ပျက်ပြယ်သွားခြင်းမဟုတ်။
ပိုးများကသာ ဆေးမတိုးတော့ခြင်းဖြစ်ပါသည်။ ထိုအခါ ပိုးမွှားကပ်ဆိုဒ်ခြင်းမျိုးများ
ဖြစ်ပေါ်လာစေပါသည်။ ပိုးတစ်မျိုးတည်းတွင် ပိုးမွှားအရေအတွက် များပြားလာပြီး
ထိန်းမနိုင်သည့်အခြေအနေမျိုး ဖြစ်လာကာ ကာကွယ်ဖို့ရန်လည်း ပိုးသတ်ဆေးမရှိသည့်
အခြေအနေသို့ ဖြစ်လာတတ်ပါသည်။ သီးနှံပျက်ဆီးဆုံးရှုံးမှုများလာကာ
စီးပွားရေးထိခိုက်သည့် အခြေ အနေမျိုးများထိ ဖြစ်ပေါ်လာတတ်ပါသည်။
၅။ ပိုးသတ်ဆေးများသည် ပိုးအားလုံးသတ်ပစ်နိုင်ပါသည်။ ဆိုလိုသည်မှာ
စိုက်ခင်းထဲတွင် အန္တရာယ် ပေးနေသော ပိုးတစ်မျိုးတည်းကိုသာမက အခြားသော
အကျိုးပြုအင်းဆက်ပိုးမွှားများ ဟုခေါ်သည် တောင်သူမိတ်ဆွေအင်းဆက် ပိုးမွှားများကိုပါ
သေစေနိုင်ပါသည်။ ထိုအခါ သဘာဝတွင် အကျိုးပြုအင်းဆက်ပိုးမွှား များသည်
ဖျက်ပိုးများကိုစားသောက်သတ်ဖြတ်နေသော သဟဇာတဖြစ်နေသည့် သဘာဝဖြစ်စဉ်တွင်
အကျိုးပြုအင်းဆက်အရေအတွက် နည်းလာသည့်အတွက် ဖျက်ပိုးအရေအတွက် များလာပါသည်။
ထို့ကြောင့် တောင်သူဦးကြီးများ၏ဘက်မှနေ၍ ဖျက်ပိုးများကို နှိမ်နှင်းပေးမည့်
မိတ်ဆွေအင်းဆက်ဖျက်ပိုးများ ၏ စွမ်းအားသည် လျှော့နည်းလာပါသည်။ ထို့အတူ
ပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချပေးနိုင်သော နည်းလမ်းများဖြစ်သည့်
ဘက်စုံသီးနှံကာကွယ်ရေးနည်းစနစ် (Integrated Pest Management)၊ အကောင်းဆုံး စီမံခန့်ခွဲမှုနည်းလမ်း (Best Management Practice)
စသည်တို့၏ အကျိုးသက်ရောက်မှု သည်လည်း လျှော့နည်းလာပါသည်။ ထို့ကြောင့်
ပိုးသတ်ဆေးများကို များစွာသုံးစွဲကြခြင်းသည် မိတ်ဆွေ အင်းဆက်ပိုးမွှားများကို
သေစေရုံသာမက သီးနှံကာကွယ်ရေးနည်းစနစ်များကိုပါ ထိခိုက်ပျက်ဆီး
စေပါသည်။
၆။ ပိုးသတ်ဆေးများသည် မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများ (Soil
Microorganisms) များကိုလည်း သေ စေနိုင်ပါသည်။ မြေဆီလွှာအတွင်း အဏုဇီဝသက်ရှိများကို
အဓိကအားဖြင့် ဘက်တီးရီးယား (Bacteria)၊ အန်တီနို မိုက်စီ (Actinomycetes)၊ မှို
(Fungi)၊ အယ်လ်ဂျေး(Algae)၊ တီကောင် (Worms)၊ အာသရိုပေါ့ (arthnomycetes) ဟူ၍
ခွဲခြားနိုင်ပါသည်။ ၎င်းတို့သည် မြေဆီလွှာ၏ အာဟာရဓါတ်ကို ထိန်းသိမ်းပေး နိုင်သည့်အတွက်
မြေသြဇာကို အနည်းငယ်သုံးသော်လည်း သီးနှံပင်များသည် ကောင်းစွာ ရှင်သန်နိုင်ပါသည်။
ပိုးသတ်ဆေးကြောင့် ၎င်းမြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများ၏ အရေအတွက်သည်
လျှော့နည်းလာသည်။ ထိုအခါ မြေဆီလွှာကို ထိန်းသိမ်းပေးနိုင်သည့် စွမ်းအား ကျဆင်းလာသည့်
အတွက် မြေသြဇာမထည့်နိုင်လျှင် သီးနှံပင်များ၏ ကောင်းစွာ
မရှင်သန်နိုင်တော့ပါ။
အထက်တွင် ဖော်ပြခဲ့သော ပိုးသတ်ဆေးသုံးစွခြင်း၏ ဆိုးကျိုးများသည်
ဓါတု ပိုးသတ်ဆေး အမျိုးအစား၊ သုံးစွဲသည့်အကြိမ်အရေအတွက်နှင့်
သုံးစွဲသည့်ပမာဏတို့ပေါ်တွင် မူတည်၍ ဆိုးကျိုးဖြစ်ပေါ်မှု အခြေအနေ၊ ဆိုးကျိုးဖြစ်ပေါ်မှု
ပမာဏတို့သည် ကွဲပြားနိုင်ပါသည်။
လောကတွင်ဖြစ်ပေါ်သော အရာမှန်သမျှတို့သည် အသေးအဖွဲလေးများမှ စတင်သည်။
အသေးအဖွဲဟူ၍ ပေါ့ပေါ့တန်တန်မနေရာ။ အချို့လယ်သမားများသည် ပိုးသတ်ဆေးကို
အပေါ်အင်္ကျံမပါဘဲ ဖျန်းကြသည်။ ပိုးသတ်ဆေးများသည် ခန္ဓာကိုယ်ရှိအပေါက် ငယ်များမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ ၀င်နိုင်သည်။ အချို့သည် ကွမ်းစားရင်း၊ ဆေးသောက်ရင်း
ဖျန်းကြသည်။ အချို့သည် ပိုးသတ်ဆေးဖျန်းပြီး ခြေလက်များကို မဆေးကြောပဲ၊
ဆပ်ပြာဖြင့်သေချာကျနစွာ မဆေးပဲ ထမင်းစားကြသည်။ အန္တရယ် ကြီးမားလှပေသည်။ လယ်သမားများ၏ အကျိုးကျေးဇူးကို မျှော်ကိုး၍
ဆင်ခြင်နိုင်စေရန် အသိပေး ရေးသားလိုက်ရပါသည်။
စာရေးသူ
စိုးမိုးဝင်း