နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် ကျေးလက်ဒေသကို
ဖွံဖြိုး တိုးတက်အောင်လုပ်ဖို့ ဦးစွာ စဉ်းစားရပါမည်။ အဘယ့်ကြောင့်ဆိုသော်
မဖွံ့ဖြိုးသေးသော နိုင်ငံတစ်နိုင်ငံတွင် ကျေးလက်နှင့်မြို့ပြကို
နှိုင်းယှဉ်ကြည့်လျှင် ကျေးလက် ဒေသများကသာ များပြားနေပါသည်။ ထို့အတူ ကျေးလက်ဒေသကို
တိုးတက်အောင်လုပ်မည်ဆိုလျှင်လည်း စိုက်ပျိုးရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ကျေးလက်ဒေသ၏ အခြေခံစီးပွားရေးလုပ်ငန်းသည်
စိုက်ပျိုးရေးလုပ်ငန်းပေါ်မှာ အခြေခံ ပါသည်။ စိုက်ပျိုးရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရန်အတွက် လယ်သမားများ၏ဘ၀ကို နားလည်ထားရပါမည်။ လယ်သမားများသည်
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။
လယ်သမားများသည် ဟိုသွားဒီသွားနှင့် နေရာအတည်တကျမရှိဘဲ လှည့်လည်အလုပ် လုပ်နေသော
အလုပ်သမားမျိုးမဟုတ်ပါ။ မိမိတို့၏ ကိုယ်ပိုင်လယ်မြေများပေါ်မှာ နှစ်ရှည်လများ
တချို့ဆိုလျှင် မွေးကတည်းက သေသည်အထိ လယ်ယာလုပ်ငန်း တစ်ခုတည်းကိုပဲ တစိုက်မတ်မတ်
လုပ်ကိုင်လာကြသည့်သူများ ဖြစ်ပါသည်။ ထို့ကြောင့်လည်း လယ်သမားများမှာ သူတို့၏
လယ်ယာလုပ်ငန်း နှင့်ပတ်သက်သော ကြွယ်ဝသည့် ဗဟုသုတများ၊ အသိပညာများ၊ အတွေ့အကြုံများ
ရှိပါသည်။ သူတို့၏လယ်ယာမြေ အကြောင်းကို သူတို့လောက် မည်သူမှ မသိကြပါ။
သူတို့လယ်ယာမြေဟာ ဘာသီးနှံနဲ့ သင့်တော်တယ်ဆိုတာ သူတို့သိသည်။ ဘာသီးနှံ
စိုက်သင့်တယ်ဆိုတာ သူတို့နားလည်သည်။ ထို့ကြောင့် သူတို့၏ လယ်ယာမြေများကို
တိုးတက်အောင် လုပ်မည်ကြံစည်လျှင် သူတို့၏ အကြံအစည်၊ အတွေးအခေါ်၊ အတွေ့အကြုံများ
မပါဘဲနှင့် ဘယ်သောအခါမျှ ဖြစ်လာမည် မဟုတ်ပါ။
တဖန် သီးနှံများကို စိုက်ပျိုးထုတ်လုပ်ရာတွင် ဒေသတွင်း၊ နိုင်ငံအတွင်း
စားလောက်ရုံ၊ စားနပ်ရိက္ခာ ဖူလုံရုံမျှ စဉ်းစားပြီး စိုက်ပျိုး ထုတ်လုပ်နေရုံဖြင့်
မလုံလောက်ပေ။ မိမိနိုင်ငံအတွင်း ဈေးကွက်သာမက ပြည်ပနိုင်ငံများအထိ တင်ပို့နိုင်သော
အရည်အသွေးပြည့်ဝသည့် သီးနှံများ ထုတ်လုပ်နိုင်အောင် စဉ်းစားရပါမည်။ ထိုကဲ့သို့
ပြည်ပပို့ကုန်အဖြစ် ရည်ရွယ်ပြီး စိုက်ပျိုးထုတ်လုပ်လျှင်လည်း လယ်သမားများ၏
အတွေးအခေါ်၊ အကြံအစည်၊ အတွေ့အကြုံများ မပါဘဲနှင့် မအောင်မြင်နိုင်ပါ။ ထိုနည်းအတူ
သူတို့၏ ရိုးရာသမရိုးကျ စိုက်ပျိုးနည်းစနစ်တစ်ခုတည်းနှင့်
စိုက်ပျိုးထုတ်လုပ်မည်ဆိုလျှင်လည်း အရည်အသွေးပြည့်ဝသည့် သီးနှံများရရှိရန်
ခဲယဉ်းပါသည်။ သူတို့၏ အတွေ့အကြုံ၊ အသိပညာ၊ ဗဟု သုတများပေါ်အခြေခံပြီး
ခေတ်သစ်စိုက်ပျိုး နည်းပညာများဖြင့် ပေါင်းစပ်ထုတ်လုပ်မှသာ ပြည်ပတင်ပို့နိုင်သည့်
အရည်အသွေးပြည့်မှီသော သီးနှံများကို စိုက်ပျိုးထုတ်လုပ်နိုင်မှာ
ဖြစ်ပါသည်။
ထို့အတူ တိုင်းပြည်တစ်ပြည်၏ စားနပ်ရိက္ခာဖူလုံမှုသည် အစိုးရ၏တာဝန်ဖြစ်ပါသည်။ တိုင်းပြည်တွင်း
စိုက်ပျိုးသော သီးနှံများသည် တိုင်းပြည်၏ တိုးတက်နေသော လူဦးရေနှင့် ဖူလုံမှုရှိမရှိ
အမြဲကြည့်ရှု စစ်ဆေးနေရပေမည်။ စားနပ်ရိက္ခာဖူလုံမှု မရှိလျှင် ဖူလုံအောင် လုပ်ရမည်။
ပိုလျှံသည်များကိုလည်း ပြည်ပပို့နိုင်အောင် ဈေးကွက်ရှာရမည်။ သို့မှာသာ
နိုင်ငံတော်အတွက်လည်း ၀င်ငွေရရှိကာ လယ်သမားများဘ၀လည်း
တိုးတက်လာပေလိမ့်မည်။
လယ်သမားများ၏ လယ်ယာလုပ်ငန်းအတွေ့အကြုံများ၊ အသိပညာများ၊
ဗဟုသုတ များသည် နိုင်ငံတော်၏ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက်
အလွန်အရေး ကြီးလှပေသည်။ ခေတ်သစ်နည်းပညာတို့သည် ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီသည်
မကိုက်ညီသည်ကို အစဉ်အမြဲ ပြောပြနေသည် မဟုတ်ပေ။ ၄င်းခေတ်သစ်နည်းပညာကို သုံးစွဲသူကသာ
မိမိရေမြေဒေသရာသီဥတုနှင့် ကိုက်ညီမှု ရှိမရှိကို ဆုံးဖြတ်ရပေမည်။ ထိုကဲ့သို့
ဆုံးဖြတ်ရာတွင် လယ်သမားများ၏အခန်းးကဏ္ဍသည် အရေးကြီးပါသည်။ လယ်သမားများ၏
ရိုးရာနည်းပညာ၊ အတွေ့အကြုံများပေါ်တွင်အခြေခံနိုင်သော ခေတ်သစ်နည်းပညာကသာ ၄င်းတို့၏
လယ်ယာလုပ်ငန်းအတွက် များစွာ အထောက်အကူပေးမည်ဖြစ်ပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ
ဖွံ့ဖြိုး တိုးတက်မှုအတွက်လည်း အရေးပါအရာရောက်ပေမည်။ သို့ပါသောကြောင့်
တိုင်းတစ်ပါး၊နိုင်ငံခြားတွင် ခေတ်သစ်နည်းပညာများကို လေ့လာ နေကြသောသူများအားလုံး
မိမိနိုင်ငံတွင်ရှိသော လယ်သမားများ၏ အတွေ့အကြုံ၊ ဗဟုသုတ၊ အသိပညာများကို
လစ်လျူလျှုမနေသင့်ကြပေ။ ၄င်းတို့တွင်ရှိသော ရိုးရာနည်းပညာများ ကိုသာ
ခေတ်သစ်နည်းပညာများဖြင့် ပေါင်းစပ်ပြီး မိမိနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး နှင့်သင့်တော်သော
နည်းပညာများကို ဖော်ထုတ်နိုင်အောင် ကြိုးစားကြရန်
တိုက်တွန်း နှိုးဆော်ရပါသည်။
စာရေးသူ
စိုးမိုးဝင်း