.....ပျော်ရွှင်စွာ လေ့လာပါ.....

အတွေးရှင်းမှ အရေးရှင်းမည်

အရေးသည် အတွေးမှ စပါသည်။ ထို့အတူ မြန်မာများအဖို့ အင်္ဂလိပ်စာအရေးသည် မြန်မာလိုအတွေးမှ စတင်ပါသည်။ ကျွန်တော်သည်ပင်လျှင် တချို့သောဝါကျများကို မြန်မာလိုတွေးပြီးမှ အင်္ဂလိပ်လို ရေးနေရပါသည်။ ထိုကဲ့သို့ဖြစ်ရခြင်းသည် ကျွန်တော်တို့၏ မိခင်ဘာသာစကားသည် မြန်မာ ဘာသာစကားဖြစ်နေသောကြောင့် ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကားအဖြစ် လေ့လာနေသူတိုင်း ထိုကဲ့သို့ ဖြစ်ပေလိမ့်မည်။

မြန်မာလိုအတွေး အင်္ဂလိပ်လိုအရေးသို့ ပြောင်းလဲရာတွင် မြန်မာအတွေးသည် ရှင်းလင်းနေဖို့လိုအပ်ပါသည်။ အတွေးမရှင်းလျှင် အရေးသည်လည်း ရှင်းမည်မဟုတ်ပါ။ အတွေးရှုပ်ထွေးလျှင် အရေးရှုပ်ထွေးမည်။ မြန်မာလို အရေးရှုပ်ထွေးနေသည်က မြန်မာအချင်းချင်း နားလည်နိုင်သော်လည်း အင်္ဂလိပ်လိုအရေးရှုပ်ထွေးနေလျှင် စာဖတ်သူတို့ နားလည်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် မြန်မာလိုအတွေးရှင်းအောင် မည်သို့တွေးတောရမည်ကို နားလည်ထားရန် လိုအပ်ပေသည်။

မည်သည့်ဘာသာစကားမဆို စကားနှင့်စာပေ ဟူ၍ နှစ်မျိုးရှိနိုင်ပါသည်။ သို့သော် ပြင်ပလူမျိုး တစ်ယောက်အနေဖြင့် ဘာသာတစ်ခုကို လေ့လာမည်ဆိုလျှင်တော့ အရေး၊အဖတ်၊ အပြော၊နားထောင်ဟူ၍ ၄ မျိုးခွဲခြားကြပါသည်။ မိခင်ဘာသာစကားတွင်မူ စကားနှင့်စာပေဟူ၍သာ ခွဲခြားကြပါသည်။ မြန်မာ ဘသာသာစကားတွင် မြန်မာစကားနှင့်မြန်မာစာပေ ဟူ၍ ခွဲခြားနိုင်ပါသည်။ ကျွန်တော်တို့သည် အင်္ဂလိပ်လိုရေးကြသည်မှာမြန်မာစာပေများပင်ဖြစ်သည်။ စကားနှင့်စာပေကို ကွဲအောင် ခွဲခြား ကြည့်မည်ဆိုလျှင် အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။
မြန်မာစကား
ကျွန်တော် မနက် ၆ နာရီ အိပ်ယာထပြီး ရေးချိုး၊ မနက်စာစား၊ ၉ နာရီကျောင်းသွားပါတယ်
မြန်မာစာပေ
ကျွန်တော်သည် မနက် ၆ နာရီတွင် အိပ်ယာထပြီးနောက် ရေချိုး၍ မနက်စာကို စားပါသည်။ ထို့နောက် ကျွန်တော်သည် ၉ နာရီတွင် ကျောင်းသို့ သွားပါသည်။
ဒီနှစ်ခုရဲ့ ကွဲပြားချက်ကို သိမည်ဟု ယူဆပါသည်။ ထိုမြန်မာဘာသာနှစ်မျိုးကို အင်္ဂလိပ်ဘာသာသို့ ပြောင်းရေးကြည့်ပါမည်။
(၁) I get up 6 o’ clock and take a bath, eat breakfast, go to school.
(၂) After I get up at 6 o’clock, I take a bath and have breakfast. Then I go to school.

ဒီနှစ်ခုကို ယှဉ်ကြည့်လျှင် ဘယ်စာကြောင်းက မှန်သလဲမေးလျှင် ဒုတိယစာကြောင်းများကပဲ မှန်ပါသည်။ ပထမစာကြောင်းများသည် သဒ္ဒါနည်းအရ မှားယွင်းနေသည်။ ၀ိဘတ်များ၊ စကားဆက်များ မပါပေ။ ထို့ကြောင့် မြန်မာလိုမည်သို့တွေးရမည်ကို သဘောပေါက်လောက်သည်ဟု ယုံကြည်ပါသည်။ ၀ါကျ တစ်ကြောင်းသည် အပြုအမူတစ်ခုဖြစ်သည်၊ သတင်းအချက်အလက်တစ်ခုဖြစ်သည်၊ လှုပ်ရှားမှုတစ်ခုဖြစ်သည်။ စကားဆက်ပါလျှင် ၀ါကျသည် နှစ်ကြောင်းဖြစ်သည်။ ၀ါကျများကို စကားဆက်မပါပဲ ဆက်တိုက်မရေးသင့်ချေ။ နားလည်သောသူများရေးလျှင် မမှားသော်လည်း နားမလည်သူတို့ရေးလျှင် မှားမည်မှာ မုချမလွဲပေ။ သို့ဖြစ်ပါသောကြောင့် မြန်မာလိုအတွေးကို ရှင်းလင်းစွာတွေးတောပြီးသကာလ အင်္ဂလိပ်စာအရေးသို့ ရှင်းလင်းစွာရေးနိုင်ကြစေရန် မြန်မာစကားပြောပုံနှင့် မြန်မာစာရေးသားဟန်ကို ကွဲပြားစွာ နားလည်ထားရန် လိုအပ်ကြောင်း အင်္ဂလိပ်စာ စာရေးနေသူအပေါင်းတို့အား မေတ္တာရှေ့ထား၍ ခွဲခြားပြလိုက်ရပါသည်။
စိုးမိုးဝင်း