.....ပျော်ရွှင်စွာ လေ့လာပါ.....

ဇာတ်လမ်းကောင်းများဖြစ်ရေးအတွက် ဇာတ်ညွှန်းရေးရာတွင်နည်းပညာလိုအပ်


ကိုရီးယားဇာတ်ကားများနှင့် မြန်မာဇာတ်ကားများကို ကြည့်ရှုရာတွင် ကွားခြားချက်များစွာ ရှိနေသည် ကို ပရိတ်သတ်များသိမြင်ကြပေလိမ့်မည်။ အချို့ပရိတ်သတ်များသည် ဘာ့ကြောင့်ကွာခြားနေသည်ကို သိကြပေလိမ့်မည်။ အချို့လည်းသိချင်မှသိပေလိမ့်မည်။ ထို့အတူ ဘာ့ကြောင့်ကွားခြားနေသည်ကို စဉ်းစား ချင်မှ စဉ်းစားမိပေလိမ့်မည်။
 
ကိုရီးယားဇာတ်ကားများနှင့်မြန်မာဇာတ်ကားများ ဘာ့ကြောင့်ကွာခြားနေသည်ကို ကျွန်တော် စဉ်းစားကြည့်မိရာ ဇာတ်လမ်းများဧ။်အစဖြစ်သော ''ဇာတ်ညွှန်းများကွာခြားနေသည်''ကို တွေ့ရှိရပါသည်။ ကိုရီးယားများ ဇာတ်ညွှန်းကို ဘယ်လိုရေးသည် မြန်မာများ ဇာတ်ညွှန်းကို ဘယ်လိုရေးသည်ကို ကျွန်တော် မသိပါ။ သို့သော် ဇာတ်ညွှန်းရေးခြင်းနည်း ပညာများအရ ဇာတ်လမ်းများကိုကြည့်ရှု၍ ဇာတ်ညွှန်းရေးရာတွင် ကွာခြားနေသည်ကိုတွေ့မြင်နေရပါသည်။ ဇာတ်ညွှန်းရေးရာတွင် ကွာခြားနေကြသည့်အတွက် ဇာတ်ညွှန်း များကိုအခြေခံပြီး ရိုက်ကူးထုတ်လုပ်ထားသော ဇာတ်လမ်းများသည်လည်း ကွာခြားနေကြကြောင်း သိသာ ထင်ရှားပါသည်။ ဇာတ်ညွှန်းများသည် မည်သို့ကွာခြားနေသည်ကို ဇာတ်လမ်းများကိုကြည့်ရှုရင်း စဉ်းစား ကြည့်မိရာ အောက်ပါအချက် (၆)ချက်ကိုတွေ့ရှိရပါသည်။
 
၁။ ရုပ်နှင့်စကားပြော
 
၂။ စကားပြောနှင့်နောက်လာမည့်ဇာတ်ဝင်ခန်းညီညွတ်မှု
 
၃။ ဇာတ်ဝင်ခန်းအစဉ်၊ ဇာတ်ဝင်ခန်းများကို စီစဉ်မှု
 
၎။ အကြောင်းအရာတစ်ခုကို အမျိုးမျိုးတင်ပြနိုင်မှု
 
၅။ စကားများကို အကျဉ်းရုံးပြီး ပြောဆိုနိုင်မှု
 
၆။ မသက်ဆိုင်သောအကြောင်းအရာများမပါအောင် စီစဉ်နိုင်မှု
 
၁။ ရုပ်နှင့်စကားပြော
 
ဗီဒီယိုဆိုသည်မှာ ပရိတ်သတ်များဆီသို့ ရုပ်ကိုဦးစားပေးပြီး သတင်းအချက်အလက်များကိုပေးရ သော ကြားခံနယ်တစ်ခုဖြစ်သောကြောင့် ဇာတ်ညွှန်းရေးသားရာတွင် ရုပ်နှင့်စကားပြောကို ဦးစားပေးရွေးရ မည်ဆိုလျှင် ရုပ်ကိုသာ ဦးစားပေးပြီးရွေးချယ်ရပါမည်။ ထို့ကြောင့် အကြောင်းအရာတစ်ခုကို တင်ပြရာတွင် ရုပ်ဖြင့် တင်ပြနိုင်အောင် ကြိုးစားရပါမည်။ ''သူ စိတ်ဆိုးသွားပြီ'' ဟုပြောမည့်အစား သူဧ။်စိတ်ဆိုးနေသော မျက်နှာကို ဖော်ပြခြင်းသည် ပိုမိုရသမြောက်ပြီး ပရိတ်သတ်များအနေဖြင့်လည်း ပိုမိုနှစ်သက်ပေလိမ့်မည်။ ထို့အပြင် စိတ်ဆိုးနေသောအမူအယာကိုလည်းပြသည်  ''သူ စိတ်ဆိုးသွားပြီ'' ဟုလည်းပြောသည်ဆိုလျှင် မလိုအပ်ဘဲ အချိန်ကုန်ငွေကုန်ဖြင့် နှစ်ခါထပ်ခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့်  အောင်မြင်သော ဇာတ် လမ်းများဖြစ်ရေးအတွက် စကားပြောများကို ရုပ်ဖြင့်တင်ပြနိုင်ခြင်းသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဝတ္ထုရေးနည်းနှင့် ဇာတ်ညွှန်းရေးခြင်းဧ။် အဓိကကွားခြားချက်မှာ ဝတ္ထုတွင် အကြောင်း အရာများကို ရှည်လျှားသောရေးသားချက်များနှင့်စကားပြောများဖြင့်ဖော်ပြ၍ ဇာတ်ညွှန်းရေးရာတွင် ရုပ်ပုံ များနှင့်အတူ တိုတောင်းသော စကားပြောများဖြင့် ဖော်ပြရပါသည်။
 
ကောင်းမွန်သောစကားပြောများသည် အကြောင်းအရာများကို ရွေ့လျှားစေခြင်းနှင့် သီခြားစီဖြစ်နေ သောအပိုင်းများကို ပေါင်းစည်းပေးခြင်းများကို ဖြစ်စေပါသည်။ စကား ပြောများဧ။် အဓိကရည်ရွယ်ချက်မှာ ဇာတ်လမ်းကိုရှေ့သို့ရွေ့စေခြင်းပင်ဖြစ်ပါသည်။ ဇာတ်ကောင်များအကြားဆက်နွှယ်မှုကို တည်ဆောက် ပေးခြင်း၊ သတင်းအချက်အလက် ဆက်သွယ်ပေးခြင်းနှင် စရိုက်ကိုဖော်ပြပေးခြင်းများအားဖြင့် စကားပြော များသည် ဇာတ်လမ်းကို ရှေ့သို့ရွေ့စေနိုင်ပါသည်။ ထို့အတူ စကားပြောများသည် အဖြစ်အပျက်များကို နမိတ်ပြခြင်း၊ လှုပ်ရှားမှုအပေါ်တွင်ကောက်ချက်ချခြင်းနှင့် ဇာတ်ဝင်ခန်းများကို ချိတ်ဆက်ပေးခြင်းများ လည်း ဆောင်ရွက်ပေးပါသည်။
 
ဝတ္ထုရေးနည်းနှင့် ဇာတ်ညွှန်းရေးနည်းကို ကွဲပြားစွာမသိသောသူများသည် ဇာတ်ညွှန်းရေးလျှင် အကြောင်းအရာများကို စကားလုံးများဖြင့် ရေးဖွဲ့ကြသောကြောင့် သရုပ် ဆောင်များသည် စကားများစွာ ပြောကြရပါသည်။ ထို့အပြင် ဇာတ်လမ်းများထဲ၌ ပုံပြောသူများလည်း ပါလာတတ်ပါသည်။ ဇာတ်လမ်းများ ထဲတွင် ပုံပြောသူဆိုသည်မှာ အကြောင်းအရာများကို ရုပ်ပုံများဖြင့်မတင်ပြဘဲ စကားဖြင့်ပြောသောသူများကို ဆိုလိုပါသည်။ 
 
           ထို့ကြောင့် ရုပ်နှင့်အသံကိုယှဉ်ပြီး ရွေးချယ်ရမည်ဆိုလျှင် ဖြစ်နိုင်လျှင် ရုပ်ကိုဦးစားပေးရွေးချယ် ရပါမည်။ စကားများစွာပြောရသော အကြောင်းအရာတစ်ခုကို ရုပ်ဖြင့်ပြလျှင် ငွေကုန်ကြေးကြများမည် မှန်သော်လည်း ဇာတ်လမ်းကိုကြည့်ကြသော ပရိတ်သတ်များဧ။် စိတ်ခံစားမှုထဲတွင် အသံထက် ရုပ်ကိုကြည့် ရခြင်းက ပိုမို အရသာရှိပါသည်။
 
၂။ စကားပြောနှင့်နောက်လာမည့်ဇာတ်ဝင်ခန်းညီညွတ်မှု
 
သရုပ်ဆောင်များသည် ပရိတ်သတ်ကို မလိမ်ရပါ။ ဗီဒီယိုထဲမှသရုပ်ဆောင်က ပရိတ်သတ်ကို မည်သို့ လိမ်မည်နည်းဟု မေးစရာရှိပါသည်။ သရုပ်ဆောင်များသည် ၄င်းတို့ပြောစကားအတိုင်းမလုပ်ကြလျှင် ပရိတ်သတ်ကိုလိမ်ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် စကားပြောများသည် အဖြစ်အပျက်များကို နမိတ်ပြတတ်သောကြောင့် ဖြစ်ပါသည်။ ဥပမာ ဈေးဝယ်သွားမယ်ဟုပြောပြီး ဈေးဝယ်မသွားလျှင် ပရိတ် သတ်ကိုလိမ်သည်ဟု ယူဆပါသည်။
 
           အကယ်၍ ဈေးဝယ်ထွက်သည့် အခန်းကိုမတင်ပြနိုင်လျှင် ''ဈေးဝယ်သွားမယ်'' ဆိုသည့်စကားကို ဖြုတ်ပစ်ခဲ့သင့်ပါသည်။ ထိုသို့မဖြုတ်နိုင်ဘဲ ဈေးဝယ်သည့်ဇာတ်ဝင်ခန်းကို မြုပ်ရန်စိတ်ကူးလျှင်လည်း အခြား ဇာတ်ဝင်ခန်းတစ်ခန်း၊နှစ်ခန်းကျော်မှ ထိုစကားကိုပြောသောသူနှစ်ဦးပါသော ဇာတ်ဝင်ခန်းကို ပြသင့်ပါ သည်။ သို့သော် မတင်ပြနိုင်လျှင် ထိုစကားကိုဖြုတ်လိုက်ခြင်းက အကောင်းဆုံးသောနည်းလမ်း ဖြစ်ပါသည်။
 
ဝတ္ထုထဲတွင် ဈေးဝယ်သည့်ကိစ္စကို စာတစ်ပိုဒ်လောက်ထိုင်ရေးလိုက်လျှင် ပြီးမြောက်သွားနိုင်ဧ။်။ ဗီဒီယိုတွင် ထိုကဲ့သို့မဟုတ်။ ဈေးသို့သွားရောက်၍ ရိုက်ကူးပြသမှ ပြီးမြောက်နိုင်ပါသည်။ ထို့ကြောင့် ကုန်ကျ စရိတ်သည် ဝတ္ထုထဲမှာထက် ပိုမိုများပြားပါလိမ့်မည်။ ကုန်ကျစရိတ်ကိုငဲ့ပြီး ထိုဇာတ်ဝင်ခန်းကို ဖြုတ်ချ ထားခဲ့လျှင်လည်း စကားအစီအစဉ် ရှေ့နောက် ညီညွတ်အောင် စီစဉ်သင့်ပါသည်။
 
၃။ ဇာတ်ဝင်ခန်းအစဉ်၊ ဇာတ်ဝင်ခန်းများကို စီစဉ်မှု
 
ဇာတ်လမ်းများကို ဇာတ်ဝင်ခန်းများ(Scenes)ဖြင့် ဖွဲ့စည်းထားပါသည်။ ဇာတ်ဝင်ခန်းတိုင်းသည် နောက်ထပ်လာမည့် ဇာတ်ဝင်ခန်းဆီသို့ ခေါ်ဆောင်သွားသင့်ပါသည်။ ၄င်းအပြင် ပရိတ်သတ်အား ''နောက် ထပ်ဘာဖြစ်မှာလဲ'' ဆိုသည့်အတွေးမျိုးရနေအောင် ဖန်တီးသင့်ပါသည်။ ဇာတ်ဝင်ခန်းများကို သံကြိုးမှ သံကွင်းများကဲ့သို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေအောင် စီစဉ်သင့်ပါသည်။
 
           ဇာတ်ဝင်ခန်းများကို နေရာအစီအစဉ်လွဲနေလျှင် ပရိတ်သတ်သည် အကြောင်းအရင်းရှာမရဘဲ မကျေမနပ် ဖြစ်နေတတ်ပါသည်။ ရိုက်ကူးထုတ်လုပ်သူများသည် ဇာတ်ဝင်ခန်းဧ။်အခြေအနေများကို အသေး စိပ်သိကြဧ။်။ သို့သော် ပရိတ်သတ်များသည် ရိုက်ကူးထုတ်လုပ်သူများလောက် မသိကြပါ။ ရိုက်ကူးထုတ် လုပ်သူများ တင်ပြသလောက်ကိုသာ တွေ့မြင်ပြီး စဉ်းစားကာသိရှိရပါသည်။
 
ဥပမာ မင်းသားနှင့်မင်းသမီးသည် ကောင်းမွန်စွာ စကားပြောနေ ကြသည်။ (မင်းသားသည် မူးဟန်မပြ) ရုတ်တရက် မင်းသားသည် အရက်မူးသကဲ့သို့ဖြစ်ပြီး မင်းသမီးကို ရန်လုပ်မည်။ မည်သို့ခံစားရမည်နည်း။ ကျွန်တော်ဆိုလျှင်တော့ ဘာလဲဟလို့ အသံထွက်ပြောမိပေလိမ့်မည်။ အမှန်မှာ ဇာတ်ဝင်ခန်းနှစ်ခု ဖြစ်သည်။ ရိုးရိုးစကားပြောခြင်းကဇာတ်ဝင်ခန်းတစ်ခု၊ အရက်မူးပြီးရန်လုပ်ခြင်းက ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပြီး ထိုဇာတ်ဝင်ခန်းနှစ်ခုကို ဆက်တိုက်ဆက်လိုက်ခြင်းဖြစ်သည်။ ထိုဇာတ်ဝင်ခန်းနှစ်ခန်းအကြားမှာ အခြားဇာတ်ဝင်ခန်းတစ်ခန်းကို ညှပ်ထည့်သင့်ပါသည်။ ရိုက်ကူးထုတ်လုပ်သူများအနေဖြင့် ပရိတ်သတ်ဧ။် ဘက်မှအမြင်ကို စဉ်းစားပြီးရိုက်ကူးထုတ်လုပ်လျှင် ပိုမိုကောင်းမွန်သောဇာတ်လမ်းများဖြစ်လာနိုင်ပါသည် ဟု အကြံပြုလိုပါသည်။ ယခုတော့ ၄င်းတို့ထုတ်လုပ်သော ဇာတ်ကားများကို ၄င်းတို့ကိုယ်တိုင်ပင် ပြန်ကြည့်ပါလေစဟု မေးခွန်းထုတ်ရမလိုပင်။
 
၎။ အကြောင်းအရာတစ်ခုကို အမျိုးမျိုးတင်ပြနိုင်မှု
 
အကြောင်းအရာတစ်ခု သို့မဟုတ် စကားတစ်ခွန်းကို ထပ်တလဲလဲမပြောဆိုမိအောင် ကြိုးစား သင့်ပါသည်။  လူဆိုသည်မှာ အပြောင်းအလဲကို ကြိုက်နှစ်သက်ကြပါသည်။ တစ်နည်းအားဖြင့် အမျိုးအစား စုံလင်ခြင်း(Variety)ကို နှစ်သက်ကြပါသည်။ ထပ်ခါထပ်ခါကြားနေရခြင်း၊ မြင်နေရခြင်းများသည် လူတို့အား ငြီးငွေ့ဖွယ်ကောင်းခြင်း (Monotony)ကို ဖြစ်စေပါသည်။ အကြောင်းအရာတစ်ခုကို နှစ်ကြိမ်သုံးကြိမ် တင်ပြရာတွင် ပုံစံကွဲအောင်တင် ပြသင့်ပါသည်။ ထို့အတူ တူညီသောစကားများကို ထပ်ထပ်ခါခါ ပြော ရန်လိုအပ်လာလျှင်လည်း အဓိပ္ပါယ်တူပြီး မတူညီသောအခြားစကားများဖြင့် တင်ပြသင့်ပါသည်။ သရုပ် ဆောင်ခြင်းများကိုတင်ပြလျှင်လည်း နေရာပြောင်းလဲတင်ပြနိုင်အောင် ကြိုးစားသင့်ပါသည်။
 
           ကိုရီးယားဇာတ်လမ်းတစ်ခုဖြစ်သော ''လောကဝင်္ကပါ'' ဇာတ်ကားတွင် နမ်ဂျူနှင့် ယောင်းဟီတို့ ကလေးချင်းလဲထားသည့်ကိစ္စကို ထပ်ထပ်ခါခါတင်ပြသော်လည်း ပရိတ်သတ်များ မရိုးရအောင် တင်ပြနိုင် သော စွမ်းရည်များကို လေ့လာအတုခိုးသင့်ပါသည်။
 
           ထို့အတူ မင်းသားမန္တလေးသွားသည့်ကိစ္စကို သုံးခါလောက်ကြားရသည့် ပရိတ်သတ်အဖို့ မည်သို့ ခံစားရမည်ကို ဇာတ်ညွှန်းရေးနေစဉ်အတွင်း စဉ်းစားမိသင့်ပါသည်။ မန္တ လေးသွားသည့်ကိစ္စကို ရုပ်ဖြင့်မပြဘဲ စကားဖြင့် ထပ်တလဲလဲပြောနေလျှင် ပရိတ်သတ်က ''သိပါပြီ တော်ပါတော့'' ဟု ပြောရမလို ပင်။ ဇာတ်လမ်း ထဲတွင် ၄င်းကိစ္စကို ၁ ကိုလည်းပြော၊ ၂ ကိုလည်းပြော၊ ၃ ကိုလည်းပြော ဆိုပေမယ့် ပရိတ် သတ်က အကုန်လုံးကို နားထောင်ရပါသည်။ အကြောင်းအရာတစ်ခုကို သုံးခါပြောလျှင် ဇာတ်လမ်းထဲတွင် နားထောင်သည့် ပုဂ္ဂိုလ်မတူသော်လည်း မပြောင်းလဲသောပရိတ်သတ်သည် ထိုအကြောင်းအရာကို သုံးခါ နားထောင်ရပါသည်။ ဇာတ်ညွှန်းရေးဆရာများသည် ထိုအချက်ကို သတိမူမိသင့်ပါသည်။
 
ထို့ကြောင့် အကြောင်းအရာတစ်ခုကို သုံးလေးခါတင်ပြရလျှင် အဓိပ္ပါယ်တူပြီး မတူညီသော အခြား စကားများနှင့်ရုပ်များကိုအသုံးပြုပြီး တင်ပြနိုင်အောင် ကြိုးစားသင့်ပါသည်။ ဥပမာ – ၁ ကိုပြောရန်အတွက် မန္တလေးသွားသည့်ကိစ္စကို ရုပ်ဖြင့်ပြပါ။ ကားကွင်းသို့ မင်းသားထွက်သွားခြင်း၊ မန္တလေးသွားမည့် ဘတ်စ်ကား ပေါ်တွင် မင်းသားထိုင်နေခြင်း၊ မင်းသားအား ကားကွင်းသို့လိုက်၍ပို့ခြင်း စသည်ဖြင့် သရုပ်ဆောင်ခြင်း များဖြင့် တင်ပြပါ။ ၂ ကို ပြောရန်အတွက် ''မင်းသား မန္တလေးသွားတယ်'' ဟူသော စကား ကိုမပြောဘဲ၊ ၂ မှ ဘယ်တော့ပြန်လာမှာလဲ၊ ဘယ်သူတွေပါသေးလဲ၊ ဘာကိစ္စသွားတာလဲ စသည့် မေးမြန်းခြင်းဖြင့် စကားအစဉ်ပြောင်းနိုင်အောင် ကြိုးစားပါ။ ၃ ကို ပြောရန်အတွက် ၃ မှ ''သြော် ဒါ့ကြောင့်ကိုး၊ ဒါဆိုရင် သူကိုယ်တိုင်သွားပြီး ဖြေရှင်းတာပေါ့''စသည့်ဖြင့် ပြောင်းလဲတင်ပြနိုင်အောင် ကြိုးစားသင့်ပါသည်။
 
           ထိုသို့မဟုတ်ဘဲ ထပ်ခါတလဲလဲပြောနေမည်ဆိုလျှင် ဇာတ်လမ်းထဲတွင် နားထောင်သူပြောင်း သော်လည်း သရုပ်ဆောင်များဧ။်ပြောသမျှစကားတိုင်းကို မပြောင်းလဲဘဲ ထိုင်ပြီးနားထောင်နေကြသော ပရိတ်သတ်များဧ။် ''မကောင်းပါဘူးကွာ'' ဟူသော စကားကိုသာ လက်ခံကြရပေလိမ့်မည်။
 
၅။ စကားများကို အကျဉ်းရုံးပြီး ပြောဆိုနိုင်မှု
 
စကားရှည်လျှင် ပထမဦးစွာ အခက်အခဲတွေ့မည့်သူမှာ သရုပ်ဆောင်များပင် ဖြစ်ပါသည်။ ဇာတ်လမ်း ရိုက်ကူးရန်အတွက် စကားများကို ဖတ်၊မှတ်ပြီး ကျက်ရပါလိမ့်မည်။ ထို့အပြင် စကားရှည်ခြင်းဧ။် အခြားဆိုး ကျိုးတစ်ခုမှာ ရိုက်ချက်အချိန်ကြာသွားပါသည်။ ရိုက်ချက်အချိန်ကြာလျှင် ဇာတ်ဝင်ခန်းအချိန်ကြာမည်။ ဇာတ်ဝင်ခန်းအချိန်ကြာလျှင် ဇာတ်ဝင်ခန်းအစဉ် အချိန်ပိုကြာမည်။ ထို့နောက် ဇာတ်ကားတစ်ကားလုံး ခြုံကြည့်လျှင် မလိုအပ်ဘဲ အချိန်ပိုရှည်သွားပါမည်။ အချိန်ပိုရှည်သည့်အတွက် ရိုက်ကွင်းကုန်ကျစရိတ် များမည်။ ပရိတ်သတ်များအတွက်လည်း အချိန်ကုန်ပြီး အလုပ်များလုပ်ရာတွင် အချိန် လျှော့နည်း သွားပါမည်။ ထို့ကြောင့် စကားရှည်ရှည်ပြောခြင်းကိုရှောင်ပြီး အကျဉ်းရုံးပြီးပြောဆိုနိုင်အောင် ကြိုးစားပါ။ အကြောင်းအရာတစ်ခုကို ပြောဆိုရာတွင် စကားလုံး ၁၅ လုံးနှင့် စကားလုံး ၁ဝ လုံးတွင် အနည်းဆုံးကို ရွေးချယ်နိုင်ရပါမည်။
 
           ပရိတ်သတ်ဘက်မှကြည့်လျှင်လည်း စကားရှည်လျှင် လိုက်ပြီးမမှတ်နိုင်ပါ။ ထို့အပြင် အရပ်ထဲ တွင် စကားရှည်ရှည်ပြောသောသူများကို ''ကိုလေရှည်'' ''မလေရှည်'' စသည်ဖြင့် ခေါ်ဆိုကြရာ စကား ရှည်ရှည်ပြောခြင်းကို အပြင်လောကတွင်လည်း မနှစ်သက်ကြကြောင်း ထင်ရှားပါသည်။ စာဖတ်ရာတွင် နားမလည်လျှင် ပြန်လည်ဖတ်၍ ရသော်လည်း ဇာတ်လမ်းများကြည့်နေစဉ်တွင် သရုပ်ဆောင်များပြောသော စကားများကို နားမလည်လျှင် ပြန်လည်ကြည့်၍မရပါ။ ထို့ကြောင့် အဓိကအကြောင်းအရာကို ဖမ်းမိ ဖို့သည် အဓိကအကြောင်းအရာကို လို၊တို၊ရှင်းသာပြောနိုင်ဖို့ အရေးကြီးပါသည်။ ထို့ကြောင့် လိုရင်းအဓိပ္ပါယ်ကို တိတိကျကျမှန်ကန်မှု (Accuracy)၊ အကျဉ်းရုံးပြီး အတိုဆုံးပြောနိုင်မှု (Brevity)၊ ရှင်းလင်းစွာနားလည်နိုင်မှု (Clarity) တို့သည် ဇာတ်ညွှန်းကောင်းတို့ဧ။် လက္ခဏာရပ်များ ဖြစ်နေကြပါသည်။
 
ဥပမာ –
 
အဖေ - ''အဖေတို့က သားတို့ရဲ့ချစ်ခြင်းကို ခွဲနေတာမဟုတ်ဘူးနော်၊ သားရဲ့ကောင်မလေးက စာရိတ္တ မကောင်းလို့ပြောနေရတာ''
အမေ – ''ဟုတ်တယ်၊ ငါ့သား၊ မင်းအဖေပြောတာမှန်တယ်။ သားရဲ့ကောင်မလေးက စာရိတ္တမကောင်းဘူး ဆိုရင် မေမေလည်း သားနဲ့အဲဒီကောင်မလေးကို သဘောမတူနိုင်ဘူး''
 
အထက်ပါစကားကို အကျဉ်းရုံးပြီးပြောရလျှင် –
 
အဖေ - ''သားတို့ချစ်ခြင်းကို ခွဲနေတာမဟုတ်ဘူးနော်၊ ကောင်မလေးက စာရိတ္တမကောင်းလို့ ပြောနေရတာ''
အမေ – မှန်တယ်၊ ငါ့သား၊ အဲဒါဆိုရင် မေမေလည်း သဘောမတူနိုင်ဘူး''
 
           အထက်ပါစကားနှစ်ရပ်ကို ယှဉ်ကြည့်ပါ။ အဓိပ္ပါယ်ပျက်သွားသလား၊ ပရိတ်သတ်များအနေဖြင့် ခံစားချက်ပျက်သွားသလား။ ကျွန်တော့်အမြင်ပြောရလျှင် ဘာမျှကွာခြားမှုမရှိပါ။ ကွာခြားနေသည့် အချက် မှာ ပထမစကားသည် ရှည်သည်။ ထို့ကြောင့် အချိန်ပိုကြာမည်။ ဒုတိယစကားသည် တိုသည်။ အချိန်လျှော့ နည်းသွားမည်။ အထက်ပါစကား နှစ်ရပ်ကိုယှဉ်ပြီး ပြောဆိုကြည့်ရာ ပထမစကားသည် ၁၅ စက္ကန့်ကြာသည်။ ဒုတိယ စကား သည် ၉ စက္ကန့်သာကြာပါသည်။  ဇာတ်ဝင်ခန်းတစ်ခန်းလျှင် အချိန် ၆ စက္ကန့်ကို ခြွေတာ နိုင်လျှင် ဇာတ်ဝင်ခန်း ၅ဝ ပါသော ဇာတ်ကားတစ်ကားလုံးတွင် အချိန် ၅ မိနစ် ခြွေတာနိုင်ပါသည်။ မိနစ် ၁ဝဝ ကြာသော ဇာတ်ကားတစ်ကားအတွက် သိန်း၂ဝဝဝ ကုန်ကျလျှင် ၅ မိနစ်အတွက် သိန်း ၁ဝဝ ခြွေတာနိုင်ပါသည်။ ထို့ကြောင့် ကုန်ကျစရိတ်များလည်း ခြွေတာနိုင်ကြောင်း ထင်ရှားပါသည်။
 
၆။ မသက်ဆိုင်သောအကြောင်းအရာများမပါအောင် စီစဉ်နိုင်မှု
 
ဇာတ်ဝင်ခန်းနှင့်မသက်ဆိုင်သော၊ ဇာတ်လမ်းအတွက် အထောက်အကူမပြုသော စကားများကို ရှောင်ရှားရပါမည်။ ထိုစကားများအတွက် အချိန်ပိုကြာမည်။ ငွေပိုကုန်မည်။ ပရိတ်သတ်သည် မဆိုင်သော စကားများကို နားထောင်ရသည့်အတွက် ဇာတ်လမ်းအပေါ်တွင် စိတ်ကျေနပ်မှုမရှိနိုင်ပါ။ ထို့အပြင် အရေး ကြီးသောနေရာမှာ မသက်ဆိုင်သောအကြောင်းအရာကိုတင်ပြမိလျှင် ထိုတင်ပြချက်က ဇာတ်ကားတစ်ကား လုံးကို ဖျက်ဆီး သွားနိုင်ပါသည်။
 
ဟာသလေးတွေထည့်ထားတယ်ဟု ကြော်ငြာပြီး ဇာတ်ကားနှင့်မသက်ဆိုင်သော ဟာသများကို ထည့်လျှင် ပရိတ်သတ်က အလွန်ကြိုက်နှစ်သက်လိမ့်မည်ဟု ကျွန်တော် မယုံကြည်ပါ။ ဇာတ်လမ်းထဲမှ ဇာတ်ကောင်သည်  ''ပရိတ်သတ်က--------'' စသည်ဖြင့် ပရိတ်သတ်ကို ဇာတ်လမ်းထဲဆွဲထည့်တတ်သည်။ ဗီဒီယိုဇာတ်လမ်းသည် ဇာတ်ခုံပေါ်တွင် ကပြသော ပြဇာတ်မဟုတ်ကြောင်း သိသင့်ပါသည်။ ထိုကဲ့သို့ ပြောခြင်းကို ဇာတ်ညွှန်းရေးဆရာက ပြောခိုင်းတာလား၊ ဒါရိုက်တာက ပြောခိုင်းတာလား၊ ကိုယ့်ဘာသာပဲ ကိုယ့်သ ဘောနဲ့ကိုယ် ပြောတာလားဆိုတာ သေချာမသိပါ။ သေချာတာကတော့ ပရိတ်သတ်များသည် ထိုဇာတ်ဝင်ခန်းကို မကြိုက်ပါ။ ပရိတ်သတ်များက ''မြန်မာကားတွေက အဲလိုချည်းပဲ။ ဇာတ်သိမ်း ညံ့တယ်။'' ''ဟုတ်တယ်၊ အသယ်ကြီးသယ်လာပြီး နောက်ဆုံးကြမှ လွှတ်ချလိုက်တာ''။ စသည်ဖြင့် ပြောကြ ပေလိမ့်မည်။
 
နေရာတကာမှာ ရယ်စရာလုပ်တာကတော့ မကောင်းပါ။ ကုတ်အကျီ င်္နှင့်နက်ခ်တိုင် ကို အမြဲဝတ်ဆင် နေသော လူတစ်ယောက်ကို မည့်သို့ထင်မည်နည်း။ ထို့အတူ အိမ်တွင် အမြဲဝတ်နေကျဖြစ်သော အကျီ င်္ အစုတ်၊ ပုဆိုးအပြဲနှင့် ဧည့်ခံပွဲတစ်ခုကို တက်ရောက်လာသော လူတစ်ယောက်ကို မည်သို့ထင်မည်နည်း။ စဉ်းစားကြည့် စေချင်ပါသည်။ လောက စကားပုံတစ်ခုဖြစ်သော ''ဒူးနေရာဒူး တော်နေရာတော်''ဆိုသကဲ့သို့ အရာရာကို သူ့နေရာ နှင့်သူ နေရာတကျထားတတ်ခြင်းသည် အလွန်အရေးကြီးပါသည်။
 
ဇာတ်ကားတစ်ကားတွင် စဦးဇာတ်ဝင်ခန်းနှင့်နောက်ဆုံးဇာတ်ဝင်ခန်းသည် အလွန်အရေးကြီးပါ သည်။ စဦးဇာတ်ဝင်ခန်းသည် ဇာတ်ကားတစ်ကားလုံးကို ဆွဲဆောင်နိုင်ရန်အတွက် ပရိတ်သတ်ဧ။်နှလုံးသား ကို ချိတ်ယူသွားနိုင်မည့် ချိတ်တစ်ခုဖြစ်ရပါမည်။ နောက် ဆုံးဇာတ်ဝင်ခန်းသည် ဇာတ်လမ်းအပြီး အိမ်အပြန် လမ်းတွင် တသသပြောနိုင်ရမည့် ဆွဲမက်စရာဖြစ်ရပါမည်။ ထွင်စရာရှိလျှင် ဇာတ်လမ်းဧ။်အလယ်မှာ ထွင်ခြင်းသည် ဇာတ်လမ်းအရသာကို သိပ်ပြီး မဖျက်ဆီးနိုင်ပါ။ မထွင်လျှင်တော့ အကောင်းဆုံးဖြစ်ပါသည်။  နောက်ဆုံး ဇာတ်ဝင်ခန်းတွင် ထွင်ခြင်းမျိုးသည် ဇာတ်ကားတစ်ကားလုံးကို ၄င်းထွင်ခြင်းက ဖျက်ဆီးသွားနိုင် ပါသည်။
 
စာရေးသူ
စိုးမိုးဝင်း
Perfect Magazine တွင် ရေးသားဖော်ပြပြီးဖြစ်သည်။