.....ပျော်ရွှင်စွာ လေ့လာပါ.....

အမျိုးမျိုးသော အင်္ဂလိပ်စာများ

မူလက British တွေ ကြီးစိုးခဲ့တော့ Brithsih English ပဲ လူတွေ အသိများကြတယ်။ နောက်ပိုင်း အမေရိကန်က တိုးတက်လာတော့ America English ဆိုပြီး လုပ်လာပြန်တယ်။ လေ့လာသူက နှစ်မျိုးဖြစ်သွားတာပေါ့။ British English နဲ့ American English..

နောက်ပိုင်းမှာ တိုးတက်လာတာတွေ များလာတော့ အင်္ဂလိပ်ဟာ အမျိုးမျိုးဖြစ်လာတော့တယ်။ Australian English, Canadian English, Euro English, Netharland English, Japanese English, Korean English စတာတွေကနေတဆင့် Regional English ဆိုပြီး ဒေသအင်္ဂလိပ်စကားတွေ ပေါ်လာတယ်။ ဒါဟာ ဘာ့ကြောင့် ဖြစ်လာသလဲဆိုတော့ British တွေဟာ တစ်ကမ္ဘာလုံးနီးပါး အုပ်စိုးထားခဲ့တော့ (နေမ၀င်အင်ပါယာလို့ ဆိုတာ ကိုး) အင်္ဂလိပ်စကားဟာလည်း ပျံ့နှံ့နေခဲ့တယ်။ ဒါကြောင့် အင်္ဂလိပ်စကားဟာ ဆက်သွယ်ရေး ဘာသာစကား ဖြစ်လာတယ်။ ယနေ့ခေတ်မှာ အင်တာနက်ပေါ်လာတော့ International English ဆိုပြီး ပေါ်လာပြန်တယ်။ တကမ္ဘာလုံးသုံးတဲ့ ဘုံအင်္ဂလိပ်စာပေါ့။

ကျွန်တော်တို့ဆီမှာလည်း Burmese English ဆိုတာ ရှိပါတယ်။ ဥပမာ Maung, Mg, U, Daw, Ma ဒါတွေပဲ ဖြစ်တယ်။ ဒါတွေကို Real English တော့ မဟုတ်ဘူး။ Burmese English ပဲဖြစ်တယ်။ မြန်မာပြည်မှာအသုံးပြု တဲ့အင်္ဂလိပ်စာပဲဖြစ်တယ်။ Regional English အမျိုးအစားတစ်ခုပါ။ ဒါတင်ကွဲတာ မဟုတ်ပါဘူး။ Standard English နဲ့ အသံထွက်ကွဲတာတွေလည်း ရှိပါတယ်။

စင်ကာပူမှာတော့ အင်္ဂလိပ်စာနှစ်မျိုးရှိပါတယ်။ Standard Singapore English (SSE) နဲ့ Singapore Colloquial English (Singlish) ဆိုပြီး ဖြစ်ပါတယ်။ ကြားဖူးတာပါ။ သေချာတော့ မလေ့လာဖူးပါဘူး။

ဌာနတစ်ရဲ့ လစဉ်ထုတ်စာစောင်ထဲမှာ ဖတ်ဖူးတယ်။ ဘာပြောလဲဆိုတော့ “ကျွန်တော်တို့ဆီမှာတော့ AIT English ပဲသုံးတယ်“ တဲ့။ သူတို့တွေက British English, American English တွေ ဘာမှမပြောပါ။ အင်္ဂလိပ်စာကို တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့ အဓိကထားပြီး ဆက်သွယ်ရေး ဘာသာစကားအဖြစ်ပဲ သုံးပုံရပါတယ်။

အဲဒီလိုမျိုး Regional English တွေပေါ်လာတော့ အဲဒါတွေကို အမှားတွေလို့တော့ ပြောလို့မရပါ။ သို့သော် လည်း မူရင်း အင်္ဂလိပ်လူမျိုးတွေက သူတို့နဲ့ကွဲသွားအောင် သူတို့ပြောတာကို Real English လို့ခေါ်တွင် စေပြီး တခြားသူတွေ ပြောနေတာတွေကို Regional English ဆိုပြီး ကွဲကွဲပြားပြားဖြစ်အောင် သတ်မှတ်လိုက်တာပါပဲ။ ဘာသာဗေဒပညာရှင်တွေ သတ်မှတ်တယ်လို့ ယူဆရပါတယ်။

လေ့လာသူအနေနဲ့ကျတော့ ဦးနှောက် အတော်ခြောက်ရပါတယ်။ ကိုယ်ရေးနေတဲ့အင်္ဂလိပ်စာတောင် တစ်ခါတစ်ရံဘာအင်္ဂလိပ်မှန်း မခွဲခြားတတ်တော့ပါဘူး။ ဆိုလိုတာက Burmese English လား American English လား British English လား။ ဒါမျိုးကိုပြောတာပါ။ နောက်ဆုံး ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုကတော့

ဘာအင်္ဂလိပ်တွေ ညာအင်္ဂလိပ်တွေ စဉ်းစားနေမယ့်အစား
Right English နဲ့ Broken English ကိုသေချာနားလည်အောင် လေ့လာပြီး Right English ဖြစ်အောင် ကြိုးစားနိုင်ရင်ကို လုံလောက်ပါတယ်။

ဘာသာစကားတစ်ခုဆိုတာကလည်း လေ့လာရင် လေ့လာသလောက် ကျယ်ပါတယ်။ British English ချင်းတောင်မှာ British တောင်ပိုင်းနဲ့မြောက်ပိုင်း မတူပါဘူး။ Breakfast, lunch, dinner, supper ဆိုပြီး တစ်ပိုင်းကပြောတယ်။ နောက်တစ်ပိုင်းက Breakfast, lunch, supper, dinner ဆိုပြီး နေ့တစ်နေ့ရဲ့ အစား အစာကို အစဉ်လိုက်အဲဒီလိုပြောတယ်။ အဲဒီမှာ supper နဲ့ dinner က အခေါ်အဝေါ်လွဲနေတယ်။ ဒါ့ကြောင့် မိမိရဲ့လက်ထဲမှာရှိတဲ့ အဘိဓါန်ရဲ့အဓိပ္ပါယ်ကိုပဲ ယူပါ။

အဲဒီတော့ အင်္ဂလိပ်စာကို ဘယ်လောက်အထိ လေ့လာသင့်သလဲဆိုတာကတော့ ကိုယ့်ရဲ့လိုအပ်ချက်၊အ လုပ်အကိုင် ပေါ်မှာမူတည်ပါတယ်။ ၁၉၉၇ ဆယ်တန်းအောင်ပြီးကတည်းက အင်္ဂလိပ်စာကို ကျွန်တော် ဆက်တိုက်လေ့လာခဲ့တယ်။ ၂၀၀၉ လောက်မှာမှ လေ့လာမှုကို နည်းနည်းလျှော့ချလိုက်တာပါ။ Israel, Japan အတွေ့အကြုံက ကိုယ့်အင်္ဂလိပ်စာဟာ ကိုယ့်အလုပ်နဲ့လုံလောက်ပြီလို့ ယူဆလို့ပါ။ မြန်မာပြည်မှာလဲ Japan လူမျိုးတွေနဲ့အတူ စီမံကိန်းတစ်ခုမှာ ၃ နှစ်ကျော်ကျော်လောက် အတူတူလုပ်ခဲ့ဖူးတယ်။ ကိုယ်က အမြင့်ကြီး ပြောနေပေမယ့် တဘက်လူက နားမလည်ရင်လဲ အလုပ်မဖြစ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အလုပ်လုပ်တဲ့နေရာမှာ နားလည်မှုဟာ အရေးကြီးဆုံးပါပဲ။ ဒါ့ကြောင့် ဆက်သွယ်ရေးအတွက်ပဲ အဓိကထားပြီးသုံးပါတယ်။

ကိုယ်ဘယ်လောက်အထိ လိုအပ်သလဲဆိုတဲ့အပေါ်မှာမူတည်ပြီးလေ့လာကြပါ။ အများသိတဲ့ဥပမာတစ်ခု ပြောရရင်
Practise လေ့ကျင့်သည် (verb = British, Canadian usage ပါ)
Practice လေ့ကျင့်ခြင်း (Noun =Uk, US ပါ)
American လူမျိုးတွေက ဒါကို လက်ခံပါတယ်။ သို့သော်လည်း North American မြောက်ပိုင်း အမေရိကန်တွေကတော့
Practice လေ့ကျင့်သည် (Verb အနေနဲ့သုံးပါတယ်။ )

ဘာသာဗေဒပညာရှင်တွေကတော့ အင်္ဂလိပ်စာဟာ မူရင်းနိုင်ငံတွေလောက်မှာပဲရှိပြီးတော့ ကြာလာရင် ပျောက်ကွယ်သွားမယ်လို့တောင် ပြောကြတာကို ဖတ်ဖူးပါတယ်။ ဒါဟာ Real English ပျောက်ကွယ်မှာကို ဆိုလိုဟန်ရှိပါတယ်။ အင်္ဂလိပ်ဘာသာစကားတစ်ခုလုံးပျောက်ကွယ်မှာ မဟုတ်ပါဘူး။

ဒ့ါကြောင့် ဘာအင်္ဂလိပ်တွေ ညာအင်္ဂလိပ်တွေနဲ့ပြောရတာဟာ အတော်ကို ရှုပ်ပါတယ်။ မြန်မာစကားလိုပါပဲ။

ကျွန်တော်က အညာကပါ။ တစ်ရက် အိမ်ဘေးနားက ရန်ကုန်သူဆီမှာ ဓါတ်ဘူးငှားပါတယ်။ သုံးပြီးပြန်ပေးတဲ့အခါ

“အမ လက်ဘက်ရည်တွေ ပါသေးတယ်” အဲလိုပြောလိုက်တယ်။ အဲဒီမှာ ၀မ်းသာအားရနဲ့

“ဟာ..ကောင်းတာပေါ့၊ သောက်ရတာပေါ့” လို့ပြန်ပြောတယ်။ ညနေကျတော့ အိမ်ရှေ့မှာတွေ့တော့

“ကောက်စုတ်..ငါ့ကို ရေနွေးကြမ်းတွေကို လက်ဘက်ရည်ဆိုပြီး လာပေးတယ်” အဲဒီလိုပြောပြီး ကျွန်တော် အဆူခံထိသွားပါတယ်။

အညာကလူတွေက ရေနွေးအဖြူထဲကို လက်ဘက်ခြောက်ခပ်ပြီး သောက်တာကို လက်ဘက်ရည်လို့ ခေါ်ကြတာ။ ရန်ကုန်သူတွေကျတော့ အဲဒါကို ရေနွေးကြမ်းလို့ခေါ်တယ်။ သူတို့ခေါ်တဲ့လက်ဘက်ရည်က ဆိုင်တွေမှာရောင်းတဲ့ ချိုဆိမ့်၊ပေါ့ဆိမ့်၊ဖန်ဆိမ့်တို့လို နို့ဆီနဲ့ လက်ဘက်ခြောက်အကျရည်နဲ့ ဖျော်ထားတဲ့ဟာ။ အဲဒီလို အလွဲမျိုးတွေလည်း အင်္ဂလိပ်စာမှာ ရှိတယ်။

ဒါ့ကြောင့် ကိုယ်လိုအပ်သလောက်ပဲ ကိုယ်လေ့လာကြပါလို့ တိုက်တွန်းရင်း
လေ့လာမှုမှာ အောင်မြင်ကြပါစေ။
စေတနာ ဆန္ဒမွန်ဖြင့်
စိုးမိုးဝင်း

The Best English 4 you အမည်ရှိသော Facebook group တွင် ဖော်ပြပြီးဖြစ်သည်။